အူစွပ်တဲ့အကြောင်း သိပြီးပြီလား
အူစွပ်တယ်ဆိုတာကို ကြားဖူးတဲ့သူ တော်တော်နည်းမယ်ထင်ပါတယ်။ ဟုတ်ပါတယ် အူစွပ်တာပါ၊ အူရဲ့ အစိတ်အပိုင်းတစ်ခုနဲ့တစ်ခုဟာ စွပ်လျက်သားထပ်သွားပြီး အစာနဲ့ရေတွေဟာ အောက်ဘက်ကို ဆက်ဆင်းမသွားနိုင်တော့ဘဲ အူပိတ်တဲ့ လက္ခဏာတွေ ခံစားရတာပါ။ အူစွပ်နေတဲ့အစိတ်အပိုင်းကို သွေးစီးဆင်းမှုလည်းမရှိတော့ဘဲ ကြာလာရင် အူပေါက်တာ၊ ပိုးဝင်တာ၊ အူရဲ့တစ်ရှူးဆဲလ်တွေ သေသွားပြီးပုပ်သွားတာမျိုးတွေ ဖြစ်လာပါတယ်။
အူစွပ်တာဟာ အသက် ၃ နှစ်အောက်ကလေးတွေမှာ အဖြစ်များလေ့ရှိပြီး ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ သေချာမသိရပါဘူး။ ဖြစ်တာနည်းပေမယ့်လည်း လူကြီးတွေမှာဖြစ်ရင် အူကင်ဆာကြောင့် ဖြစ်တာများပါတယ်။
ရောဂါလက္ခဏာတွေ အနေနဲ့
လသားအရွယ်ကလေးငယ်လေးတွေမှာဆိုရင် ဗိုက်နာတာကြောင့်ရုတ်တရက် စူးစူးဝါးဝါးအော်ငိုတာမျိုး၊ ဒူးခေါင်းကို ရင်ဘတ်ထိကွေးပြီး နေတာမျိုး တွေ့ရတတ်ပါတယ်။
- သွေးနဲ့ အချွဲရောနေတဲ့ ဝမ်းသွားတာ
- ဝမ်းလျောတာ
- အန်တာ
- ဗိုက်ဖောင်းလာတာ၊ တင်းလာတာ
- အချိန်ကြာလာတာနဲ့အမျှ ဝမ်းဗိုက်က ပိုပိုအောင့်လာတာ စတဲ့လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
ဘာကြောင့် ဖြစ်တာလဲ?
အထက်မှာ ပြောခဲ့သလိုပဲ ကလေးတွေမှာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ ယူဆရပေမယ့် သေချာတဲ့အကြောင်းရင်းတော့ မဟုတ်ပါဘူး။
လူကြီးတွေမှာဆိုရင်တော့
- ကင်ဆာအကျိတ်ကြောင့် ဖြစ်တာ
- ကင်ဆာမဟုတ်တဲ့ အသားပိုလုံးကြောင့် ဖြစ်တာ
- အရင်က အစာအိမ်နဲ့အူလမ်းကြောင်း ခွဲစိတ်ဖူးထားတဲ့နေရာက အူတွေကပ်ရာက ဖြစ်တာ
- အူမှာ အမာရွတ်လို တစ်ရှူးတွေရှိလို့ ကပ်ရာကဖြစ်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
အူစွပ်ပြီး အူပိတ်တာဟာ အချိန်မီမသိရှိရင်၊ မကုသရင် အသက်အန္တရာယ် ရှိတဲ့ရောဂါပါ။ ကလေးငယ်လေးတွေမှာ တခါတရံ ခွဲစိတ်မှုမလိုဘဲ ကောင်းသွားတတ်ပေမယ့် အများအားဖြင့်တော့ ကလေးရော လူကြီးမှာပါ ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။ မခွဲခင်နဲ့ ခွဲပြီးချိန်မှာ ပိုးသတ်ဆေးများထိုးပေးတာ၊ အစာနဲ့ရေကို ဖြတ်ထားပြီး အကြောဆေးပုလင်းများ သွင်းပေးတာ၊ အစာအိမ်ဆေးတွေ ထိုးပေးတာ စတဲ့ကုသမှုများလည်း လိုအပ်ပါတယ်။
အချိန်မီ မကုသရင်နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အူစွပ်တဲ့နေရာကို သွေးမလျှောက်ရာက အူတွေပုပ်လာရိလာပြီး အူပေါက်သွားနိုင်သလို အူဖုံးအမြှေးပါးရောင်ရမ်းကာ ပိုးဝင်တာလည်း ဖြစ်နိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုးဆိပ်ပျံ့နှံကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
- အဖျားရှိခြင်း
- ဝမ်းဗိုက်ဖောင်းလာခြင်း
- ဗိုက်အောင့်ဗိုက်နာခြင်း
- အန်ခြင်း
- ခြေဖျားလက်ဖျားတွေ အေးစက်လာခြင်း
- သွေးခုန်နှုန်းဖျော့လာခြင်း
- ဆီးနည်းလာခြင်း
- စိတ်အလိုမကျမှုများလာခြင်း
- သတိလစ်ခြင်း စတဲ့ ပိုးဆိပ်ပျံ့နှံ့ရာက သွေးလန့်တဲ့ လက္ခဏာတွေ ရှိလာပြီဆိုရင် စိုးရိမ်ရပါတယ်။
အူစွပ်တယ်ဆိုတာ အူပိတ်ခြင်းတစ်မျိုးပါပဲ။ အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုမို့ ရောဂါလက္ခဏာတွေများရှိခဲ့ရင် အသိနောက်မကျဖို့ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပြသဖို့ လိုပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်